
စပိန်နိုင်ငံရှိ အမျိုးသမီးတစ်ဦးက နေကို ၎င်းပိုင်ဆိုင်မှုအဖြစ် မှတ်ပုံတင်ခဲ့ပြီးနောက် နေကို ၎င်းပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး နေစွမ်းအင်မှ အကျိုးအမြတ် ရရှိနေသူများကို တရားစွဲသွားရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
လ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ် စသည်တို့ကို ပိုင်ဆိုင်သည်ဟု အမေရိကန်နိုင်ငံသား တစ်ဦးက ပြောကြားခဲ့မှုကို ဒေးလီးတယ်လီဂရပ် သတင်းစာက ဖော်ပြခဲ့မှုအား လေ့လာပြီးနောက် စပိန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂါလီစီယာဒေသရှိ ဗိုင်ဂိုတွင် နေထိုင်သော အသက် ၄၉ နှစ်ရှိ Angeles Duran က နိုင်ငံတွင်းရှိ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးပြီးနောက် ပိုင်ဆိုင်မှု သက်သေ စာရွက်စာတမ်း notary ရရှိခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ရရှိခဲ့သော Outer Space Treaty အရ မည်သည့် အစိုးရကမှ အာကာသတွင်းရှိ အရာဝတ္ထုများ (နေ၊ လ၊ ကြယ် စသည့်)ကို ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ခြင်း မပြုရဟု သဘောတူညီထားသော်လည်း လူတစ်ဦးချင်းအတွက်မူ ကန့်သတ်မထားကြောင်း သိရသည်။
နေစကြ၀ဠာဗဟိုတွင် ရှိသော၊ ကမ္ဘာနှင့် ပျမ်းမျှအကွာအဝေး ၁၄၉၆၀၀၀၀၀ ကီလိုမီတာတွင် ရှိသော နေကိုပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းဖြင့် ကြေညာခဲ့ခြင်း ဖြစ်သည်။ ''ဥပဒေကို ကျွန်မသိတယ်။ ကျွန်မပြောကြားချက် ဥပဒေကြောင်းအရ ထောက်ခံမှု ရခဲ့တယ်။ ကျွန်မ လုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဘယ်သူမဆို လုပ်နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
၎င်းသည် စပိန် စက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နေစွမ်းအင်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး လုပ်ဆောင်နေသော စက်ရုံများမှ အခွန်ရရှိနိုင်ရေးအတွက် ဆွေးနွေးနေသည်ဟု ပြောကြားခဲ့သည်။ ၎င်း၏အစီအစဉ် အရ ရရှိသော အကျိုးအမြတ် ထက်ဝက်ကို အစိုးရထံ ပေးသွားမည် ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းကို ပင်စင်ရန်ပုံငွေ၊ ကမ္ဘာတစ်ဝန်း ငတ်မွတ်မှု တိုက်ဖျက်ရေးနှင့် သုတေသန လုပ်ငန်းများအတွက် ၁၀ ရာခိုင်နှုန်းစီ ပေးသွားမည်ဖြစ်ကာ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းကို ၎င်းက ရယူမည်ဖြစ်သည်။
No comments:
Post a Comment