
ပုဂ္ဂလိက အာကာသခရီးတိုသွား ၀န်ဆောင်မှုကို စွန့်ဦးဆောင်ရွက်ခဲ့သည့် ဗာဂျင်းလေကြောင်းလိုင်း ပိုင်ရှင် ဆာရစ်ချက်ဗရန်ဆန်သည် ပြိုင်ဘက် အဲအေးရှပိုင်ရှင် တိုနီဖာနန်ဒက်စ်နှင့် အလောင်းအစား လုပ်ရာတွင် ရှုံးခဲ့သောကြောင့် ဖာနန်ဒက်စ်၏ လေကြောင်းလိုင်းတွင် လေယာဉ်မယ် သွားလုပ်ရမည် ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွင် အသင်းပိုင် ရှိသူများ ဖြစ်ပြီး မည်သူ့အသင်းက နှစ်ကုန်တွင် ရပ်တည်မှုအဆင့် ပိုမြင့်မည်ကို လောင်းခဲ့ကြခြင်း ဖြစ်သည်။ ဖာနန်ဒက်စ်၏ လွိုက်တပ်စ် ဖော်မြူလာဝမ်းအသင်းက ဘရန်ဆန်၏ ဗာဂျင်း ရေးစင်းထက် အဆင့်ရပ်တည်မှုတွင် ပိုမြင့်သောကြောင့် ဘရန်ဆန် ရှုံးသွားခဲ့သည်။ ''၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရစ်ချက်ဘရန်ဆန် ဟာ AirAsia X ရဲ့ အဖွဲ့ဝင်တစ်ဦး အနေနဲ့ ပါဝင်မယ်လို့ အတည်ပြုပါတယ်''ဟု ဖာနန်ဒက်စ်က မိုက်ခရို ဘလော့ဂ်နှင့် တွစ်တာတွင် ရေးသားခဲ့သည်။ ယင်းလေယာဉ်သည် လန်ဒန်၊ စတန်စတက်ဒ်လေဆိပ်မှ ကွာလာလမ်ပူသို့ ထွက်ခွာမည် ဖြစ်သည်။
ယင်းခရီးစဉ်မှ ရောင်းရငွေကို လှူဒါန်းမည်ဟုလည်း ဖာနန်ဒက်စ်က ကြေညာထားသည်။ ဘရန်ဆန်သည် မိတ်ကပ်လိမ်း၊ ဒေါက်မြင့်ဖိနပ် စီးပြီး လေယာဉ်မယ် တစ်ဦးကဲ့သို့ လေယာဉ်ပျံသန်းစဉ်အတွင်း အိမ်သာဆေးခြင်း ကဲ့သို့သော ကိစ္စများ ကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။
source:eleven media
No comments:
Post a Comment