twitter
    Find out what I'm doing, Follow Me :)

13.9.10

ဘယ်ကိုသွားမှာလဲ

       ပြီးခဲ့သော ဆယ်စုနှစ်ကာလများမှ စတင်ကာ ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ပညာသွားရောက်သင်ယူခြင်းများမှာ  လူငယ်၊ လူလတ်ပိုင်းများအကြား၌  ဘ၀တိုးတက်ရာ ထွက်ပေါက်တစ်ခုအနေဖြင့် ရေပန်စားနေဆဲ ဖြစ်ပါသည်။
         ထိုကဲ့သို့ ရေပန်းစားနေဆဲဖြစ်သော်လည်း လက်ရှိအချိန်၌မူ နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူခြင်းနှင့် အလုပ်လုပ်ရန်အတွက် ထွက်ခွာခြင်းတို့မှာ ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက အခက်အခဲများ ပိုမိုရင်ဆိုင်လာရကြောင်း သိရပါသည်။ မြန်မာလူငယ်အများစုသွားရောက်ကြသည့် နိုင်ငံများမှ ပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ နေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို တင်းကြပ်မှုများ ပြုလုပ်လာကြသည့်နည်းတူ နိုင်ငံအသီးသီး၌ သွားရောက်နေထိုင် ပညာသင်ယူ အလုပ်လုပ်ကိုင်နေကြသူအများစုမှာ နေထိုင်ရာနိုင်ငံများတွင် ရင်ဆိုင်ရသော အခက်အခဲများကို ထုတ်ဖော်ပြောဆိုမှုများရှိလာပါသည်။
        လက်ရှိအချိန်တွင် နိုင်ငံရပ်ခြားသို့သွားရောက်ရာတွင် ငွေကြေးတတ်နိုင်ချမ်းသာသူများထက် ငွေကြေးမပြည့်စုံပဲ ဘ၀ကြီးပွားတိုးတက်လို၍ သွားရောက်ကြသောသူများအတွက်မူ နိုင်ငံရပ်ခြားတွင် ရင်ဆိုင်ရမည့်အခြေအနေများက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းလည်း သိရသည်။
ပြည်ပသို့ သွားရောက်ရန်အတွက် နိုင်ငံကူးလက်မှတ်ရရှိရန် ဆောင်ရွက်နေသူအချို့အား တွေ့ရစဉ်
          "မလေးရှားမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကတော့အများကြီးပါပဲ၊ စက်ရုံတွေအလုပ်ရုံတွေကပေးတဲ့ လစာတွေကို အေးဂျင့်ကဖြတ်ယူထားတာတွေ၊ လစာငွေပုံမှန်ရှင်းပေရမယ့် အချိန်မှာ ရက်တွေအများကြီးကျော်ပြီးမှ ရှင်းတာတွေ၊ မြန်မာပြည်ကအေးဂျင့်တွေကပြတဲ့ Demand Letter မှာပါတဲ့အတိုင်း သက်တမ်း ၂ နှစ်ပြည့်တဲ့အထိ စက်ရုံတစ်ခုတည်းမှာပဲ လုပ်ရမယ်ဆိုတာကို တစ်နှစ်တည်းလုပ်ပြီး  Work Permit သက်တမ်းတိုးတော့မှ စားသောက်ဆိုင်၊ ဟိုတယ်တို့လိုနေရာတွေမှာ သန့်ရှင်းရေးဝင်လုပ်ခိုင်းတာတွေ၊ စက်ရုံမှာအလုပ်လုပ်နေစဉ်အတွင်းမှာပဲ ရသင့်ရထိုက်တဲ့လုပ်အားခတွေ၊ အခွင့်အရေးတွေမရတာတွေ အများကြီးရှိပါတယ်"ဟု မလေးရှား နိုင်ငံတွင်(၅)နှစ်ကြာ သွားရောက်အလုပ်လုပ်ခဲ့ပြီး နေရပ်သို့ပြန်ရောက်လာသူ ကိုဇော်ဝင်းကပြောပြခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် မလေးရှား၊ ထိုင်းအစရှိသော ဒေသတွင်းနိုင်ငံများသို့ မြန်မာအများစုက ပုံစံမျိုးစုံဖြင့် သွားရောက်ထွက်ခွာနေကြသည့် နည်းတူ ဒူဘိုင်း၊ ကာတာအစရှိသော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ လည်း ထွက်ခွာလျက်ရှိနေပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် မြန်မာလူငယ်အများစု လုပ်ကိုင်ရသည့် အလုပ်များမှာ  .  .  .

        "အဆင်မပြေလှပါဘူး။ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားတွေများတဲ့ နိုင်ငံဖြစ်လို့ နည်းနည်းတော့ လှုပ်သာ၊ ရှားသာရှိပါတယ်။ ၀င်ငွေကတော့ အောက်ကြေးပါပဲ။ ငွေရေးကြေးရေး အတိုင်းအတာအရ မစုဆောင်းမိပေမယ့် လုပ်ငန်းအတွေ့အကြုံကတော့ ယူတတ်ရင် ယူတတ်သလို ရပါတယ်။ ကျွန်တော့်အဖို့ စုဆောင်းမိတာကလည်း လုပ်ငန်းအတွေ့အကြုံပါပဲ။ ဒီကိုလာဖို့ပြင်နေတယ်ဆိုရင်တော့ ဘာသာစကားနဲ့ နည်းပညာကျွမ်းကျင်မှု၊ စူးစမ်းလေ့လာသင်ယူလိုစိတ်နဲ့ ရိုးသားပွင့်လင်းပေမယ့် လူရည်လည်မှုတို့အပြင် ဒဏ်ခံနိုင်ရည်တို့ကို တတ်နိုင်သလောက်များများ သယ်ဆောင်ကြစေလိုပါတယ်"ဟု ကိုပြည့်ဖြိုးဝင်းက ပြောပြပါသည်။
 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်နေရာမြင်ကွင်း
          မလေးရှာနိုင်ငံနည်းတူ မြန်မာအများစု သွားရောက်ကြသည့် နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံလည်း အပါအ၀င်ဖြစ်ပါသည်။ နည်းပညာနှင့် အင်ဂျင်နီယာဘာသာရပ်များကို ကျွမ်းကျင်သူများအတွက် အလုပ်အကိုင်ပေါများခြင်း၊ နိုင်ငံတကာပညာရေးဝန်ဆောင်မှုများ၏ ဆွဲဆောင်မှုများအပြင် ပညာသင်ယူပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း၊ ပညာရေးကို ခုတုံးလုပ်ပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အမြဲတန်းနေထိုင်ခွင့်ပီအာရရှိရန် အခွင့်အလမ်းစသည့်အချက်များကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက်မှုများနေခြင်း ဖြစ်ပါသည်။          "စင်ကာပူမှာ မြန်မာတွေအတွက် အရင်ကထက်စာရင် အလုပ်ရဖို့ ပိုခက်လာတယ်။ အစိုးရပေါ်လစီအပြောင်းအလဲကြောင့်လည်း ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဝင်လာတာကို ကန့်သတ်ပြီး စင်ကာပူနိုင်ငံသားတွေကို အလုပ်အကိုင်ရရှိရေး ဦးစားပေးဖို့ အွန်လိုင်းမှာဆူဆူညံညံ ဆွေးနွေးလာတာတွေလည်း ရှိပါတယ်။ လွှတ်တော်မှာလည်း တော်တော်ပြောကြတယ်။ လတ်တလောအနေနဲ့ စင်ကာပူက ပေါ်လီဒီပလိုမာ၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီဂရီတွေရတဲ့ ကျောင်းသားတွေ အမြဲတန်းနေထိုင်ခွင့် ပီအာလျှောက်ရင် Reject  ဖြစ်နေပါတယ်။ ပီအာမိဘနှစ်ပါးက မွေးလာတဲ့ ကလေးတွေကိုလည်း ပီအာချမပေးတာတွေ တွေ့ရပါတယ်။ အခုတလောမှာတော့ အစိုးရက သီးသန့်ဌာနတစ်ခုဖွင့်ပြီး လူဝင်မှုကြီးကြပ်ရေးတွေကို စိစိစစ်စစ်ကိုင်တွယ်သွားမယ်လို့ ပြောထားတယ်။ ဒါတွေအပြင် အလုပ်ရှင်က အလုပ်ခန့်ပေမယ့်  S Pass နဲ့ EP (Employment-Pass) လျှောက်တဲ့အခါမှာ ချမပေးတာတွေလည်း တွေ့ရပါတယ်။ WP (Work Permit) သမားတွေကတော့ သိပ်မထိခိုက်ဘူးလို့ ထင်ရပါတယ်။ အလယ်အလတ်ရာထူးတွေမှာ ပိုထိခိုက်တာပါ။ ဒီလိုတင်းကြပ်မှုတွေက စင်ကာပူရွေးကောက်ပွဲ မတိုင်ခင်အထိရှိနေဦးမယ်လို့ ယူဆရပါတယ်"ဟု စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိနေသော မပန်ဒိုရာက ပြောပြပါသည်။
          "စင်ကာပူမှာ ကျောင်းလာတက်တာမဟုတ်ဘဲ တိုက်ရိုက်အလုပ်လုပ်ဖို့ လာမယ်ဆိုရင် လိုအပ်တဲ့ အတွေ့အကြုံနဲ့ အလုပ်သဘာဝတွေကို မေးမြန်းလေ့လာပြီးမှ လာသင့်တယ်။ အထူးသဖြင့် အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောတတ်နိုင်ရင် အကျိုးရှိပါတယ်။ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေက အင်္ဂလိပ်စာတော်တော်ညံ့တယ်လို့ စလုံးတွေက သဘောထားကြပါတယ်။ ဒီကြားထဲ ပွဲစားနဲ့အလုပ်တွေ ရိုက်စားပြီးတော့ တစ်လ၊ နှစ်လလောက်အလုပ်ခန့်ပြီး ဆက်မခန့်တော့တာတွေလည်း ရှိပါတယ်။ ကျောင်းလာတက်မယ့်သူတွေ အတွက်ကတော့ ကျောင်းလခတွေက ဈေးတက်လာတယ်။  ကျောင်းပြီးတဲ့အခါ ပီအာရဖို့တော့ မသေချာဘူးဆိုတာကို သဘောပေါက်ထားပြီးမှ တက်သင့်၊ မတက်သင့်ဆုံးဖြတ်သင့်ပါတယ်။ ကိုယ်တက်မယ့် ကျောင်းမျိုးက ဘယ်လိုကျောင်းမျိုးလဲ၊ ဘယ်လောက်အသိအမှတ်ပြုတဲ့ Certificate ပေးမှာလဲဆိုတာ သေသေချာချာ လေ့လာပြီးမှ လာသင့်ပါတယ်။ ဆွယ်တဲ့သူက ဆွယ်တိုင်းပါမသွားဖို့လိုပါတယ်"ဟု မပန်ဒိုရာက ဆက်လက်ပြောပြသည်။

    မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့နိုင်ငံကို ၀င်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့်  .  .  .
          စင်ကာပူနိုင်ငံနှင့် မလေးရှား၊ ထိုင်းအစရှိသောဒေသတွင်းနိုင်ငံများသို့ မြန်မာအများစုက ပုံစံမျိုးစုံဖြင့် သွားရောက်ထွက်ခွာနေကြသည့်နည်းတူ ဒူဘိုင်း၊ ကာတာအစရှိသော အရှေ့အလယ်ပိုင်းနိုင်ငံများသို့လည်း ထွက်ခွာလျက်ရှိနေပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် မြန်မာလူငယ်အများစုလုပ်ကိုင်ရသည့် အလုပ်များမှာ အရောင်းဝန်ထမ်းအလုပ်များ၊ အလုပ်ကြမ်းများသာများခြင်းကြောင့် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုများနှင့် ယဉ်ကျေးမှုဓလေ့စရိုက် ကွာဟမှုများကလည်း အခက်အခဲရှိနေကြောင်း သိရသည်။
         "ဒူဘိုင်းမှာတော့ မြန်မာတွေနဲ့ ဖားလို့ခေါ်တဲ့ ဖိလစ်ပိုင်တွေအများဆုံးရှိပါတယ်။ နေတတ်ရင်တော့ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။မိန်းကလေးတွေရဲ့ လုံခြုံမှုကလည်း ကာယကံရှင်တွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ဥပမာဆိုရင် သောကြာနေ့ဆိုရင် ဒူဘိုင်းမှာ ကလပ်တွေကို ၀င်ကြေးအခမဲ့နဲ့ ၀င်ခွင့်ရအောင်လုပ်ပေးထားတာတွေ ရှိပါတယ်။ ဒီအခါမှာ စိတ်ညစ်လို့ဖြစ်ဖြစ်၊အဆင်မပြေလို့ဖြစ်ဖြစ်၊ ပျော်ချင်လို့ပဲဖြစ်ဖြစ် ကလပ်မှာမူးရူးပြီး အချိန်မတော်ပြန်လာမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ရေရှည်နေဖို့ကတော့ အခက်အခဲရှိနိုင်ပါတယ်။ ယဉ်ကျေးမှုအခြေခံတွေကအစ ကွာဟချက်တွေရှိနေတာအပြင် လုပ်ရတဲ့အလုပ်ကလည်း အရောင်းဝန်ထမ်းပုံစံမျိုးဆိုတော့ ခိုင်မာမှုတော့ မရှိနိုင်ပါဘူး။ ၀င်ငွေက အထိုက်အလျောက် ကောင်းတယ်ဆိုပေမယ့် အလုပ်ရဖို့ပေးရတဲ့ပွဲစားခနဲ့ မဖြစ်မနေအသုံးစရိတ်ကို ဖယ်လိုက်ရင် သိပ်စုမိတဲ့အနေအထားမရှိပါဘူး"ဟု ဒူဘိုင်းတွင် နေထိုင်လျက်ရှိသော မြန်မာအမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။

         ကာတာကဲ့သို့သော နိုင်ငံများတွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင် အစရှိသောနေရာများတွင် အလုပ်ကြမ်းများကို လုပ်ကိုင်နေသည့် မြန်မာအများစုရှိနေကာ ပွဲစားများ၏ လိမ်လည်မှုကိုခံခဲ့ရသူများနှင့် အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုကို ခံထားရသူများစွာ ရှိနေကြောင်း သိရသည်။
         "ဒီကို ထွက်လာတုန်းကတော့ အေဂျင်စီက ဘာအလုပ်လုပ်ရမယ် ဆိုတာမပြောဘူး။ ၀င်ငွေကောင်းမယ်၊ ပြည်တွင်းက ထွက်ရလွယ်မယ်။ ဗီဇာအမြန်ကျမယ်ဆိုတာကိုပြောပြီး စာချုပ်ချုပ်လိုက်တာပဲ။ ဒီကိုရောက်ရော ထင်မထားတဲ့ အလုပ်နေရာတွေမှာ အလုပ်ကြမ်းလုပ်ရတယ်။ မလုပ်နိုင်လို့ ထွက်မယ်ပြောတော့ စာချုပ်ကိုင်ပြီး ခြိမ်းခြောက်တာခံရတယ်။ အလုပ်ချိန်ကလည်း ရှစ်နာရီကျော်ရင် အချိန်ပိုခပေးမယ်ဆိုပြီး လက်တွေ့မှာတော့ မပေးဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်လိုက်ရင်လည်း အလုပ်ရှင်က လူငှားပြီး ရိုက်ခိုင်းတာတွေရှိတယ်။ အဆိုးဆုံးအချက်ကတော့ အလုပ်ရှင်က Passport ကိုသိမ်းထားပြီး သူလိုသလို အကြပ်ကိုင်တာပဲ။ ဒီကိုရောက်ပြီး အဆင်ပြေတဲ့သူတွေ ရှိချင်ရှိမှာပေါ့။ ကျွန်တော်သိသမျှတော့ အဆင်မပြေတဲ့သူတွေများပါတယ်။ ရွေးစရာမရှိတော့လည်း ကျိတ်မှိတ်ပြီး ဆက်လုပ်နေကြရတာပေါ့"ဟု ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကိုအောင်ထိုက်က ပြောပြပါသည်။
         လုပ်သားဈေးကွက်ဖြစ်ထွန်းမှုအပေါ် တည်မှီပြီး နိုင်ငံအသီးသီးသို့ ထွက်ခွာလေ့ရှိသည့် မြန်မာလူငယ်များမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း နှင့် အရှေ့အလယ်ပိုင်းဈေးကွက်များအထိ သွားရောက်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေမှု၊ အခက်အခဲများကသာ များနေခဲ့ခြင်းကြောင့် ပါပူအာနယူးဂီနီအစရှိသော နိုင်ငံငယ်များနှင့် အာဖရိကတိုက်ရှိ နိုင်ငံငယ်များသို့ပါ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်ခြင်းများရှိလာကြောင်း သိရပါသည်။
         "ပွဲစားခကလည်း အများကြီး မပေးရဘူး။ လစာကလည်း အမေရိကန်ဒေါ်လာ ၈၀၀ ကျော်ရမယ်။ စူပါမားကတ်မှာ ရာထူးကောင်းတစ်နေရာရမယ်ဆိုတာနဲ့ ပါပူအာနယူးဂီနီကို ရောက်လာခဲ့တာပါ။ အေဂျင်စီက ပြောထားတဲ့ အလုပ်ရပါတယ်။ လခလည်းပြောထားသလို ရပါတယ်။ ရာထူးကလည်း ပြောထားတဲ့ ရာထူးပါ ပဲ။ ဒါပေမယ့် စရောက်ပြီးတဲ့နေ့မှာပဲ ထိတ်လန့်စရာတွေနဲ့ စတွေ့ရပါ တယ်။ စူပါမားကက်ကို ဖောက်ထွင်းခံရပါတယ်။ လုံခြုံရေးနှစ်ယောက် အသတ်ခံရပါတယ်။ ဒါက ပထမဆုံး တွေ့ရတာပါ။ နောက်ပိုင်းတော့ မြို့ထဲသွားရင် ဘေးမှာအစောင့်မပါပဲ သွားလို့ မရဘူး။ လုယက်ခံရတာရှိနေသလို အချိန်မရွေး အသတ်ခံရနိုင်တဲ့ ဘေးအန္တရာယ်ကလည်း ရှိနေပါတယ်။ အဲဒီတော့အားနေရင် အပြင်မထွက်ရဲဘူး။ အလုပ်ကပေးထားတဲ့ အခန်းထဲမှာပဲနေနေရတယ်။ စာချုပ်ပြည့်တဲ့ ထိတော့နေရမှာပေါ့။ ဒီနိုင်ငံက ဓနသဟာယထဲပါနေတော့ ဒီမှာထိုင်သင့်သလိုနေပြီး အင်္ဂလန်သွားဖို့ လွယ်တော့ သည်းခံနေလိုက်ပြီး အင်္ဂလန်ဘက်ကူးမယ်လို့ စဉ်းစားထားတယ်"ဟု ပါပူအာနယူးဂီနီနိုင်ငံရှိ စူပါမားကက်တစ်ခု၌ အလုပ်လုပ်ကိုင်နေသူ ကိုရဲခေါင်က ပြောပြပါသည်။
         အလုပ်လုပ်ကိုင်ရန်သီးသန့်ဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်နေကြသူအများစုမှာ အဆင်မပြေမှုများ၊ ပြဿနာမျိုးစုံဖြင့် ကြုံတွေ့ရမှုများ ရှိနေသည့်နည်းတူ ပညာရေးဆိုင်ရာ ကိစ္စရပ်များဖြင့် ထွက်ခွာရန် ပြင်ဆင်ကြသူများတွင်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။
            မြန်မာလူငယ်အများစုသွား ရောက်ရန် စိတ်ဝင်စားချက်ရှိနေသည့် အင်္ဂလန်နိုင်ငံတွင်မူ Tier 4 Points စနစ်အရ ကျောင်းသားဗီဇာပြောင်းလဲပြီးသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ယူကေကျောင်းများသို့ တက်ရောက်လိုသော ကျောင်းသားများရှိလာခဲ့သည်။ သို့ရာတွင် မြန်မာကျောင်းသားများအနေဖြင့် အမှန်တကယ် ကျောင်းတက်ရောက်လိုသောပမာဏမှာ အနည်းငယ်သာရှိပြီး အလုပ်ရလိုသည့် ဦးတည်ချက်များကြောင့်  အင်္ဂလန်သို့ ရောက်ရှိပြီး အဆင်မပြေမှုများရှိခဲ့ကြောင်း သိရသည်။         ယင်းဖြစ်ရပ်များအပြင် အင်္ဂလန်သို့ ရောက်ရှိပြီးမှ ဘာသာစကားကျွမ်းကျင်မှု အားနည်းချက်များရှိနေခြင်းကြောင့် ယခုအခါအင်္ဂလန်နိုင်ငံ၏ ကျောင်းသားဗီဇာသာမက မှီခိုလိုက်ပါမည့် သူများ၏ အင်္ဂလိပ်စာ လိုအပ်ချက်များကိုလည်း ယခင်ကထက် ပြောင်းလဲကန့်သတ်ခဲ့ကြောင်း UK Border Agency ကထုတ်ပြန်လိုက်ခြင်းက သွားရောက်လိုသူများအတွက် အခက်အခဲတစ်ခုဖြစ်လာစေခဲ့သည်။
         သြစတြေးလျနိုင်ငံတွင်မူ  ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ယင်းနိုင်ငံ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်စာရင်းကို အွန်လိုင်းတွင် ကြည့်ရှုကာ မည်သည့်အဖွဲ့အစည်း၊ သြစတြေးလျ၏ ပြည်နယ်အသီးသီး၌ လက်ရှိနေထိုင်သူများ၏ ထောက်ခံမှုတစ်စုံတစ်ရာမပါဝင်ဘဲ ပီအာလျှောက်ထားကြရသည့် စနစ်စတင်ခဲ့ပါသည်။ သို့သော် Skilled Occupation Lists အရနှစ်စဉ် အပြောင်းအလဲရှိနေသည့်အတွက် မြန်မာလူငယ်များ၏ အရည်အသွေးသည် ယခုနှစ်အတွက် သြစတြေးလျနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ဖြစ်နေသော်လည်း နောင်နှစ်များတွင် လိုအပ်ချက်ပြည့် သွားနိုင်ခြင်းကြောင့် ယင်းစနစ်မှာ အကန့်အသတ်များနှင့် ရှိနေခဲ့သည်။
         "အဲဒီလို သြစတြေးလျရဲ့ တိုက်ရိုက်ဗီဇာနဲ့ သူ့နိုင်ငံမှာနေထိုင်ခွင့်ရဖို့ မြန်မာတွေ လျှောက်ကြတဲ့အခါ Processing ကာလကို တော်တော်အချိန်ယူရတယ်။ ဒီနှစ်မှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ကျွမ်းကျင်မှုက သူ့နိုင်ငံ၊ ပြည်နယ်ရဲ့ လိုအပ်ချက်ဖြစ်နေပေမယ့် နောက်နှစ်မှာ ဖြစ်ချင်မှဖြစ်မယ်။ သြစတြေးလျကိုသွားဖို့ မိဘမျိုးရိုးပိုက်ဆံတတ်နိုင်တဲ့သူမှသာ တော်ရုံသွားနိုင်တယ်။ ပြီးတော့ ကျောင်းသားဗီဇာဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးပဲ။ အဓိကက မြန်မာတွေအရမ်းတော်လို့ သြစတြေးလျသွားချင်တာတောင် ငွေမရှိရင်သွားဖို့မလွယ်ဘူး"ဟု သြစတြေးလျပညာရေးနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ဆိုပါသည်။
         ထို့ပြင် သြစတြေးလျနိုင်ငံ၏ အင်္ဂလိပ်စာလိုအပ်ချက်ထပ်မံတိုးမြှင့်ခြင်း၊ ဆေးတက္ကသိုလ်တက်ရောက်ပြီးသော ကျောင်းသားများ Internship ဆင်းခွင့်မရှိခြင်းကြောင့် မြန်မာကျောင်းသားအချို့ဘွဲ့မရဘဲ ပြန်လာရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်ဟု သိရသည်။
         သို့သော် အမေရိကန်နိုင်ငံ၏ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများမှပေးသည့် ပညာသင်စကောလားရှစ်များရယူ၍ ပညာသင်ရင်း အခြေချနေထိုင်ရန် ကြိုးပမ်းကြသည့် လူငယ်များလည်းရှိနေသည်။
         "အမေရိကန်ကို သွားကြတဲ့အခါ ဟိုဘက်မှာရှိနေပြီးသား ကိုယ့်ရဲ့ဆွေမျိုးနီးစပ်ကတစ်ဆင့် သွားတာမျိုးပဲ ပိုများကြတယ်။ အခုစကောလားရှစ်လျှောက်ပြီးသွားမယ်ဆိုတဲ့ သူတောင်မှ အနည်းလေး သိန်းတစ်ရာနီးပါးလောက်ကုန်တယ်။ ဒါတောင် ဟိုဘက်ကကျောင်းက ခိုင်မာမှုမရှိဘူးဆိုရင် ဗီဇာရဖို့ မသေချာဘူး"ဟု အမေရိကန်နိုင်ငံရှိ ကောလိပ်တစ်ခုသို့ SAT ဖြေဆိုကာ စကောလားရှစ်လျှောက်ထားဖူးသူ လူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
         အမေရိကန်ဒီဗီ( Diversity Visa Lottery)လျှောက်ထားမှု ဖြစ်စဉ်များတွင်လည်း ဒီဗီရရှိပြီး အမှန်တကယ် သွားရောက်နိုင်သူဦးရေမှာ လူနည်းစုပင်ဖြစ်ကာ အချို့မှာဒီဗီရရှိပြီးသော်လည်း သံရုံးအင်တာဗျူး ၀င်ရောက်ဖြေကြားစဉ် အင်္ဂလိပ်စာလိုအပ်ချက် ပြည့်မီမှုမရှိသည့်အတွက် ထွက်ခွာခွင့် မရရှိခြင်းအပြင် မိမိ၏ကိုယ်ရေးရာဇ၀င်မှတ်တမ်း မှန်ကန်စွာဖြည့်စွက်ထားခြင်း မရှိသူများကိုလည်း သွားရောက်ခွင့်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။
         အမေရိကန်ဒီဗီရရှိသူ အများစုမှာလည်းအမေရိကန်နိုင်ငံတွင် အခြေချထားသူဆွေမျိုးများရှိထားမှသာ အဆင်ပြေနိုင်မည့် အခြေအနေတစ်ရပ်ရှိနေပြီး ထိုသို့မရှိထားပါက နေထိုင်ရန်နှင့် အလုပ်ရရှိရန်စသည့် အချက်များမှာ မလွယ်ကူနိုင်ကြောင်း သိရပါသည်။
         ထို့ပြင် ဂျပန်နိုင်ငံသည်လည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒအရ ယင်းနိုင်ငံသို့သွားရောက်လျှင် ဂျပန်စာအရည်အသွေးတတ်မြောက်မှုအဆင့် ၂ ရှိမှသာ တက္ကသိုလ်အများစုက လက်ခံကြသည့်အတွက် ထိုနိုင်ငံသို့ ထွက်ခွာမှုမှာ ပုံမှန်အနေအထားမျှဖြစ်ပြီး ကျောင်းတက်ရောက်ပြီးသူများသည်လည်း ဂျပန်နိုင်ငံတွင်သာ အခြေချနေထိုင်သွားကြသူများသာဖြစ်ကြောင်း သိရှိရသည်။
         "မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့ နိုင်ငံကိုဝင်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့် ပညာရေးဈေးကွက်တွေပဲဖြစ်တယ်။ မြန်မာပြည်ဈေးကွက်မှာ ကျောင်းတွေချပြပြီး လာဖို့ဖိတ်ခေါ်တယ်။ ပြီးတော့ အလုပ်မပေးနိုင်ဘူး။ ကျောင်းတက်ပြီး ပြန်ကြသူတွေလည်းရှိတယ်။ အဓိကက ကိုယ်သွားမယ့်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒအပြောင်းအလဲကို သေချာနားလည်ထားပြီးမှ သွားတာကောင်းပါတယ်"ဟု နိုင်ငံတကာပညာရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။
         "ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်မက ဒေသတွင်းနိုင်ငံတွေမှာလည်း အခြားသောပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ပြဿနာတွေရှိနေပါတယ်။ ဆင်းရဲသူက ချမ်းသာသူဆီ ခိုလှုံချင်ကြသလိုပါပဲ။ အဓိကက ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ခုတုံးလုပ်ပြီး ပညာသင်ဖို့ထက် အလုပ်ကိုပဲဦးတည်ပြီး ထွက်ခွာသွားကြမယ်ဆို ရေရှည်မှာကိုယ့်လူမျိုးတွေရဲ့ အရည်အသွေးတွေ နိမ့်ကျသွားစေနိုင်တယ်။ ကျောင်းတက်ပြီး ပြည်ပကို ထွက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ Career Planကို သေချာချပြီးမှသွားသင့်ပါတယ်"ဟု နိုင်ငံတကာပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့သည်။
         သို့သော် လက်ရှိအခြေအနေအရ နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းသည် လူအများစု၏ ထွက်ပေါက်အတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခြင်းက အရေးပါသော အချက်တစ်ခု ဖြစ်နေခဲ့သည်။
         ပညာရေးကိစ္စရပ်များဖြင့် သွားရောက်ကြသူများမှာ ပညာသင်ယူပြီးနောက် အလုပ်ရှာဖွေကာ သက်ဆိုင်ရာနိုင်ငံ၌ပင် အခြေကျနေထိုင်ရန် ရွေးချယ်လာသူများရှိလာသည်။ ရရှိရာအလုပ်ကို လက်ခံပြီး အခက်အခဲများကြားမှ နိုင်ငံရပ်ခြားတွင် နေထိုင်လိုသူများလည်း ရှိလာပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းက ရရှိခဲ့သော စစ်တမ်းတစ်ခုအရ ပြည်ပ၌ရောက်ရှိနေသူ မြန်မာလူမျိုးအရေအတွက် လေးသန်းနှင့် အထက်တွင်ရှိနေသည် ဆိုခြင်းကလည်း နိုင်ငံရပ်ခြားသို့ သွားရောက်မှုများ တိုးတက်နေခြင်းကို ပြဆိုခဲ့ပါသည်။
         နိုင်ငံရပ်ခြားသို့ ထွက်ခွာမှုတိုးတက်နေသော်လည်း နိုင်ငံရပ်ခြားတွင် နေထိုင်ကြသူအများစုမှာ အဆင်မပြေမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် ဆက်လက်ထွက်မည့်သူများအတွက်မှာမူ မည်သည့်နိုင်ငံ သွားရမည်ဆိုသည်ကို ဆုံးဖြတ်ရခက်လာကြောင်း သိရှိရပါသည်။

မြန်မာအများစုသွားရောက်ရာ နိုင်ငံများနှင့် ပညာရေးဖြစ်စဉ်ပြောင်းလဲမှုများ
စင်ကာပူ
  • ၂၀၀၀ ပြည့်နှစ်မှ စတင်ကာစင်ကာပူပေါ်လီသို့ သွားရောက်သူဦးရေသိသာစွာ များလာပြီး မြန်မာအများစု စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရှိလာကြ။
  • ၂၀၀၃ ခုနှစ်ပိုင်းမှ စတင်ပြီး စင်ကာပူရှိ ပုဂ္ဂလိကကျောင်းများမှ မြန်မာပညာရေး အေဂျင်စီများနှင့်ပူးပေါင်းကာ နိုင်ငံတကာပညာရေးဈေးကွက် ၀င်ရောက်။
  • ၂၀၀၆ မှ ၂၀၀၈ ခုနှစ်များတွင် စင်ကာပူသို့ အလည်အပတ်၊ အလုပ်ရှာဖွေသူများ သိသာစွာတိုးလာပြီး S Pass၊ PR နှင့် Employment Pass များဖြင့် နေထိုင်ခွင့်များ မြန်မာလူငယ်အများစုရရှိ။
  • ၂၀၀၈ ခုနှစ်၊ နှစ်ကုန်ပိုင်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်ပွားချိန်မှစ၍ ကုမ္ပဏီများမှ နိုင်ငံခြားသား အလုပ်သမားဦးရေ လျှော့ချမှုများကြောင့် မြန်မာအလုပ်သမားများ နေရပ်သို့ပြန်လာရ။
  • ၂၀၀၉ ခုနှစ်မှစတင်ကာ Internship ဆင်းပြီးထားသော မြန်မာကျောင်းသားများ အလုပ်ရှာဖွေရာ တွင်ခက်ခဲမှုများနှင့် ကြုံလာရ။
  • ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပိုင်းမှစတင်၍ စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှ နိုင်ငံခြားသားများ၏ နေထိုင်ခွင့် များနှင့် ပတ်သက်၍ ကန့်သတ်မှုများစတင်။
  • ၂၀၁၀ နှစ်စပိုင်းမှ စတင်ကာ S pass ၊ ပီအာပေးမှုကန့်သတ်လိုက်ပြီး စင်ကာပူအစိုးရပေါ်လီကျောင်းဆင်းများပင် အလုပ်အကိုင်ရရှိမှုကြန့်ကြာခြင်း၊ S Pass ဖြင့် လုပ်ကိုင်ရခြင်းများရှိပြီး ပီအာပေးခြင်း အကန့်အသတ်များလာ။
  • ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် နိုင်ငံခြားသားများ၏ အရည်အသွေး ပိုင်းဆိုင်ရာများအား စစ်ဆေးအကဲဖြတ်ပြီးအလုပ်အကိုင်ပေးရေးအတွက် စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှ Talent and Division ဟူ၍ မူဝါဒသစ်များဖြင့် ကိုင်တွယ်သွားမည်ဖြစ်ကြောင်းသိရ။
  • ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၆ ရက်နေ့က စင်ကာပူဝါရင့်ဝန်ကြီးဂိုချောက်တောင်က စင်ကာပူ ပီအာရရှိထားသူများထဲမှ ၁၀ ရာခိုင်နှုန်း (၅၀၀၀၀၀ ရှိပါက ၅၀၀၀၀) အနေဖြင့် စင်ကာပူနိုင်ငံသားအဖြစ်ခံယူမည်ဆိုပါက စင်ကာပူ နိုင်ငံအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့။ ထိုစကားထွက်ပေါ်ခဲ့ပြီးနောက် စင်ကာပူပီအာရရှိထားသူ မြန်မာအများစုမှာ စင်ကာပူနိုင်ငံသားအဖြစ်ခံယူရန် ဆန္ဒမရှိကြောင်းပြောဆိုခဲ့ကြ။ 
 မလေးရှား
  • ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ မလေးရှားပညာရေးဈေးကွက်စတင်။
  • ၂၀၀၅ ခုနှစ်မှစ၍ အင်ဂျင်နီယာ၊ အိုင်တီဘာသာရပ်များဖြင့် သွားရောက် သူအနည်းငယ်များလာခဲ့ပြီး မလေးရှားတွင် အခြေချနေထိုင်လိုခြင်းထက် နိုင်ငံကြီးတစ်ခုခုသို့ ကူးပြောင်းအခြေချလိုခြင်း၊ စင်ကာပူတွင် အလုပ်ကူးပြောင်း လျှောက်ထားလိုခြင်းများဖြင့်သာ သွားရောက်မှုများ။
  • ယခုအချိန်ထိ မလေးရှားသည် မြန်မာကျောင်းသားများသွားရောက်လိုကြ သော အခြားသောနိုင်ငံများထက် ကျောင်းသားဗီဇာရရန် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံးနိုင်ငံဖြစ်နေဆဲ။

အင်္ဂလန်
  • ၂၀၀၉ ခုနှစ်မတ်လမှ စတင်ကာ Tier 4 Points စနစ်ဖြင့် UK Border Agency မှ ကျောင်းသားဗီဇာပြောင်းလဲမှုတစ်ရပ်စတင်ခဲ့ခြင်းကြောင့် ကန့်သတ်ချက်ပြည့်မီမှုရှိသူတိုင်းအင်္ဂလန်သို့ ကျောင်းတက် ရောက်ခွင့်ရရှိခဲ့ကြပြီး မြန်မာ အများစု ထိုအချိန်မှ စတင်ကာ အင်္ဂလန်သို့ထွက်ခွာမှု သိသာစွာများပြားလာခဲ့ကြ။
  • ၂၀၁၀ ပြည့်နှစ် စပိုင်းမှစတင်၍ အင်္ဂလန်သို့ အီးယူနိုင်ငံမှမဟုတ်ကြသော နိုင်ငံတကာကျောင်းသားများ ၀င်ရောက်မှုများလာခြင်းကို UK Border Agency မှ အင်္ဂလိပ်စာဝင်ခွင့်အကန့်အသတ်များစတင်ထားရှိလာ။

ၾသစေၾတးလ်
  • သြစတြေးလျတက္ကသိုလ်၊ ကောလိပ်များသို့ ၀င်ခွင့်ရရန် အင်္ဂလိပ်စာလိုအပ်ချက် IELTS ၅.၅ နှင့်အထက် အနည်းဆုံးရှိထားရမည်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှ စတင်ကာဈေးကွက်တစ်ခုအနေဖြင့် လူသိများလာ။
  • ၂၀၁၀ တွင် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ အင်္ဂလိပ်စာလိုအပ်ချက်များတိုးမြှင့်မှုစတင်ရှိလာခဲ့ပြီး နိုင်ငံခြားသားဝင်ရောက်မှုကို ကန့်သတ်ခဲ့။
  • မြန်မာအများစုကျောင်းသားဗီဇာဖြင့်သွားပြီး အများစုပီအာအဖြစ်ပြောင်းလဲ လျှောက်ထားမှုရှိကြ။

ဟောင်ကောင်နှင့် ဖိလစ်ပိုင်
  • ၂၀၀၇-၂၀၀၈ခုနှစ်နောက်ပိုင်းမှစတင်ကာ ဟောင်ကောင်တက္ကသိုလ်များမှ ဆေးကောလိပ်၊ ဆေးကျောင်းများ၊ ဖိလစ်ပိုင်ဆေးကျောင်းများသို့ တက်ရောက်နိုင်ရန် ဈေးကွက်စတင်လာခဲ့။
  • ၂၀၀၈ခုနှစ်မှစတင်၍လည်း ဖိလစ်ပိုင်လေယာဉ်မှူးနှင့် လေကြောင်းပညာရပ် လေ့လာနိုင်ရန် ပညာရေးဈေးကွက်ရှိလာခဲ့သော်လည်း အမှန်တကယ် တက်ရောက်နိုင်မှုပမာဏမှာ လူနည်းစုမျှသာဖြစ်ခဲ့။

ဂျာမနီနှင့် နော်ဝေ
  • ၂၀၀၉ ခုနှစ်နှစ်လယ်ပိုင်းမှစတင်ကာ ဂျာမနီတက္ကသိုလ်၊ နော်ဝေတက္ကသိုလ်များ မှဈေးကွက်စတင်လာခဲ့ပြီး ယင်းနိုင်ငံများသို့တက်ရောက်သူများမိခင်နိုင်ငံတွင်း ပြန်လာရမည်ဖြစ်သည်ဟု လျှောက်ထားစဉ် မှပင်ကြေညာချက်များထားရှိခဲ့။
  • ဘာသာစကားတတ်မြောက်မှုအဆင့်မှာ အင်္ဂလိပ်စာလိုအပ်ချက်အပြင် ယင်းနိုင်ငံများ၌ သုံးစွဲရမည့် ဘာသာစကားကိုပါ တတ်မြောက်ရမည်ဟု ထုတ်ပြန်ပြီး ဗီဇာရရှိမှုခက်ခဲသည့်အတွက် လူနည်း စုသာစိတ်ဝင်စားမှုရှိခဲ့။

ဂျပန်
  • မြန်မာနိုင်ငံ၏ ပညာရေးဈေးကွက်တွင် ရေရှည်ရပ်တည်မှုရှိနေသည့် နိုင်ငံတကာပညာရေးဈေးကွက်ဟု ယူဆရပြီး ဂျပန်ဘာသာစကားစိတ်ဝင်စား၍ ယင်းနိုင်ငံ၌ အခြေချနေထိုင်လိုသူများသာသွားရောက်မှုရှိခဲ့။
  • မြန်မာကျောင်းသားများအား တိုကျိုမြို့ပေါ်ရှိကျောင်းများထက် အခြားကျိုတိုနှင့် မြို့နယ်များ၌ ပိုမိုတွေ့ရတတ်ပြီး ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ ကျောင်းပြီးပါက တရားဝင်နှစ်ရှည်နေထိုင်ခွင့်ဟူ၍ ပေးထားခြင်းမရှိသေး။

ကိုရီးယား
  • တရားဝင်အလုပ်လုပ်ကိုင်ခွင့်အဖြစ် ၂၀၀၇-၂၀၀၈ မှစတင်ကာ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အဆင့်မီသူတိုင်းအား အီးပီအက်စ်စာမေးပွဲဖြေဆို၍ ကိုရီးယားနိုင်ငံရှိစက်ရုံများသို့ လုပ်ငန်းခွင်ဝင်ရောက်ခွင့်ရရှိခဲ့။
  • ၂၀၀၉ ခုနှစ်မှစတင်ကာအဆိုပါအစီအစဉ်ဖြင့် ကိုရီးယားသွားရန် စောင့်ဆိုင်း သူ ထောင်ဂဏန်းအထိပင်ရှိလာပြီး ဆက်လက်ခေါ်ယူမှုမရှိသေး။
  • ကိုရီးယားအစိုးရမှ ယဉ်ကျေးမှုဖလှယ်ရေး သဘောဆောင်သည့်လူငယ်ဖွံ့ဖြိုး ရေးအစီအစဉ်များဖြင့် ကိုရီးယားဘာသာစကားတတ်ကျွမ်းသူများအား ကိုရီးယားတက္ကသိုလ်များ၌ ပညာသင်စေရန် စကောလားရှစ်ပံ့ပိုးမှုအစီအစဉ် များအား ၂၀၀၆ ခုနှစ်မှပင် မြန်မာလူငယ်များဖြင့် ရင်းနှီးမှုပိုမိုခဲ့။


အခက်အခဲများ ကြုံတွေ့ရပါက အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များ
ပြည်ထောင်စု မြန်မာနိုင်ငံတော်သံရုံး(ထိုင်း)   ၆၆၂ ၂၃၃၂၂၃၇ 
 ၆၆၂ ၂၃၄၄၆၈၉
နိုင်ငံဖြတ်ကျော်မှုခင်းဌာန  ၀၆၇ ၄၁၂၁၃၉ 
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး   ၀၈၇ ၅၂၅၉၇၈၃ (ထိုင်း) 
 ၀၅၈ ၅၀၂၆၈ (မြ၀တီ)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး    ၀၈၁ ၂၈၇၃၀၁၆ (တာချီလိတ်)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး     ၀၈၁ ၀၉၀၁၅၄၅ (ကော့သောင်း)
အလုပ်သမားဝန်ကြီးဌာန    ၀၆၇ ၄၀၄၃၄၆၊ ၀၆၇ ၄၀၄၃၄၇
UNIPA   ၀၁ ၂၅၄၈၅၂ (မြန်မာ)
 ၀၈၁ ၄၅၆၅၅၆၀ (ထိုင်း)
World Vision   ၀၅၇ ၇၉၂၉၀ (သံဖြူဇရပ်) 
 ၀၅၈ ၂၁၇၃၁ (ဘားအံ)
 ၀၈၄ ၅၁၆၅၇ (တာချီလိတ်)
 ၀၈၄ ၂၂၈၆၀ (ကျိုင်းတုံ)
 ၀၉၅ ၅၁၃၁၆ (ကော့သောင်း)
FXB   ၀၁ ၅၁၂၁၇၈ (ရန်ကုန်) 
 ၀၅၇ ၂၆၈၉၆ (မော်လမြိုင်)
LPN  ၀၃၄ ၄၃၄၇၂၆ (ထိုင်း)
Immediate Danger Call  ၁၃၀၀ (ထိုင်း) 
Thai Royal Police   ၁၉၁ (ထိုင်း) 



undefined

Written by နေထွန်းနိုင်၊ ယုလွင်စိုး၊ အေးပပ 
Copied from weekly eleven
မူရင်းလင့်

အမေရိကန်ကျောင်းများတွင် e-textbook တော်လှန်ရေးစတင်

အမေရိကန်နိုင်ငံ ကျောင်းများနှင့် တက္ကသိုလ်များတွင် iPad ကို ပုံနှိပ်စာအုပ်များအစား အသုံးပြုမှုသည် တစတစ တိုးတက်လျှက်ရှိသည်။ ၄င်းတို့သည် ပုံနှိပ်စာအုပ်များအစား အီလက်ထရောနစ် သင်ထောက်ကူ ပစ္စည်းများ အသုံးပြု သင်ကြားခြင်းက ပိုမိုထိရောက်မှု ရှိ မရှိ စမ်းသပ်ကြခြင်း ဖြစ်သည်။ လတ်တလောတွင် အထက်တန်းကျောင်း အတော်များများ၌ iPad အက္ခရာသင်္ချာ သင်ကြားမှုကို စမ်းသပ်လျက်ရှိသည်။ ပုံမှန်အားဖြင့် အက္ခရာသင်္ချာစာအုပ်သည် စာမျက်နှာ ၈၀၀ ခန့်ရှိသည်။ iPad ကိုအသုံးပြု၍ ကျောင်းသားများသည် မှတ်စုရေးခြင်း၊ အိမ်စာများပြုလုပ်ခြင်း၊ စာမေးပွဲ ဖြေခြင်းတို့ကို ပြုလုပ်နိုင်သည်။ ၄င်းတွင် ကျူတိုရီရယ်အတွက် ဗွီဒီယိုဖိုင်များပါသဖြင့် အိမ်စာများကို အဆင်ပြေစွာ ပြုလုပ်နိုင်သည့်အပြင် ဆရာများအနေဖြင့် ကျောင်းသား၏ တိုးတက်မှုကို အလိုအလျောက် သိနိုင်ပေသည်။ ကျောင်းစာအပြင် အင်တာနက်တွင်လည်း ရှာဖွေမှုများ ပြုလုပ်နိုင်ကြသည်။ iPad သည် ပညာရေးတစ်ခေတ်ဆန်းရန် မျှော်လင့်ချက်ကို ပေးခဲ့သည်။ ဤသို့ဖြင့် တစ်ချိန်တွင် ကျောင်းသုံးစာအုပ်များ သုံးစွဲခြင်းကို ဖယ်ရှားနိုင်မည်ဖြစ်၍ ကျောင်းသားများလည်း စာအုပ်များကို အလေးခံသယ်ရခြင်း ဒုက္ခမှ ကင်းလွတ်ကြမည် ဖြစ်သည်။ (ဆင်ဟွာ)

ခောတ်လူငယ်မှကူးယူဖော်ပြပါသည်။
မူ၇င်းလင့်

12.9.10

ပညာကို ဟမ်ဘာဂါလိုရောင်းနေတဲ့ ခေတ်

ဒီကနေ့ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက်ဖြစ်နေပြီး တက္ကသိုလ်တွေဟာလည်း ဘွဲ့ရလုပ်သားတွေအစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေဖြစ်နေပြီ။

ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်
အမေရိကန်ပညာရေးလောကမှာ တစ်နေ့တခြားကျယ်သထက် ကျယ်အောင်ကြားနေရတဲ့ ညည်းညူသံတွေဖြစ်ပါတယ်။ ဂဏန်းတွက်စက်ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊ သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ်မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊ ဘလူးပရင့်မရှိရင် ဘာမှမလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊ အသင့်ဖော်စပ် ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့ လူနာအတွက် လေဆေးလေးတောင် စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ပညာတတ်တွေရှားပါးသထက် ရှားပါးလာနေတယ်။ အခုကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။ ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာကြားရတယ်။ အမေရိကန်မှာတင် မဟုတ်ဘူး။ နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ်အားလုံးလိုလိုမှာ ပြောဆိုညည်းတွားနေကြတဲ့ အသံတွေညံနေပါတယ်။

အစိုးရတွေက ဈေးတွက် တွက်ကြ
ပညာကိုတန်ဖိုးထားသူတိုင်းက ပညာရေးကိုစီးပွားရေးလုပ်ငန်းကြီးများလို သဘောထားလုပ်ကိုင်နေကြတာကို မနှစ်မြို့ကြဘူး။ တက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး ကျောင်းကြော်ငြာရင်း နိုင်ငံတကာကျောင်းသားတွေ စုဆောင်းနေတာကိုလည်း နှာခေါင်းရှုံ့ကြတယ်။ ပညာရေးကို စီးပွားရေးရဲ့လက်အောက်ခံအဖြစ် သဘောထားလာကြတာကို တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း ဘာမှမတတ်နိုင်ကြဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က ဘာမဆို 'ဈေးတွက်' တွက်ပြီး ဈေးရောင်းဈေးဝယ်လုပ်သလို လုပ်နေကြတာဆိုတော့ ပညာရှင်တွေ လက်မှိုင်ချနေကြရတော့တယ်။

ပညာကို ဟမ်ဘာဂါလိုရောင်း
ပညာကို ရှူးဖိနပ်ရောင်းသလို၊ ဟမ်ဘာဂါနဲ့ ကိုကာကိုလာရောင်းသလို သဘောထားနေကြတော့ ပညာရဲ့တန်ဖိုးဟာတစ်နေ့တခြား ကျဆင်းလာခဲ့ရတယ်။ လူတွေဟာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်ချဖို့ထက် ကွန်ပျူတာဆီက အဖြေထုတ်ယူဖို့လောက်သာ အားသန်ကြတယ်။ ဒါမှမဟုတ်လည်း စာအုပ်တွေထဲက သဘောတရားတွေနဲ့ ဖော်မြူလာတွေကိုပဲ အားကိုးကြတယ်။ လူ့ဦးနှောက်ဟာ ကွန်ပျူတာလောက်တောင် အသုံးမကျတော့သလိုဖြစ်လာတယ်။ ဒီလိုနဲ့ကြာလာတော့ လူ့ဦးနှောက်နဲ့သတ်မှတ်တဲ့ လူ့တန်ဖိုးတွေနဲ့ လူသားစံနှုန်းတွေအားလုံးလိုလိုဟာ ယုတ်လျော့ကျဆင်းပြီး စံချိန်မမီဖြစ်ကုန်ကြတော့တယ်။

အိမ်ထောင်စနစ်
လူတွေနဲ့ပတ်သက်တဲ့ အိမ်ထောင်ဆိုတာပဲကြည့်။ ကမ္ဘာဦးအစက လင်ရယ်၊မယားရယ်၊ အိမ်ထောင်ရယ်ဆိုတာမရှိဘူး။ ယောက်ျားမိန်းမတွေဟာ နွားအုပ်ကြီးထဲကနွားတွေလိုပဲနေကြတယ်။ ရေကြည်ရာ မြက်နုရာ အုပ်စုလိုက်ရွှေ့ပြောင်းသွားလာ နေထိုင်ကြတယ်။ နောက်တော့ စိုက်ပျိုးစားသောက်လာတတ်ပြီး အခြေတကျရွာတည်နေလာကြတယ်။ အဲဒီတော့မှ လင်ရယ်၊ မယားရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ အိုးအိမ်တည်ဆောက်နေထိုင်တယ်။ အဲဒီအဆင့်ကို ယဉ်ကျေးလာတဲ့အဆင့်(Civilized)လို့သတ်မှတ်တယ်။ ဒါတောင် တစ်လင်တစ်မယားမဟုတ်သေးဘူး။ စစ်နိုင်လို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ မိန်းမတွေကို ယောက်ျားတွေက မယားအဖြစ်ထားတဲ့အတွက် ယောက်ျားတစ်ယောက်နဲ့ မယားအများအပြားနေလာကြတယ်။ နောင်ယဉ်ကျေးမှု အဆင့်မြင့်သထက်မြင့်လာမှ တစ်လင်တစ်မယားစနစ်ကို ဥပဒေတွေဘာတွေပြုပြီး ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြတယ်။

အဖော်ဆိုတဲ့နေနည်း
ဟော အခုတော့ အိမ်ထောင်ဆိုတာ လူသားများရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့အချုပ်အနှောင်လိုဖြစ်တယ်။ ခေတ်မမီတော့ဘူး။ ဘယ်သူ့ဘယ်သူမှ ချုပ်နှောင်မထားတဲ့ အတူနေချင်စိတ်ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ်မရှိတဲ့အခါ ကိုယ့်ဟာကိုယ်နေဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးပြီး 'အဖော်'(Companion)လို့ ခေါ်ကြတဲ့ နေနည်းမျိုးနဲ့နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ တော်တော်လေးကျင့်သုံးနေကြတယ်။ ပြင်သစ်ကတွေးခေါ်ပညာရှင်ကြီး နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့ ဆီမွန်ဒီဘူဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့ တစ်သက်လုံး (Life companion) ဆိုပြီးနေသွားကြတယ်။ တချို့ကတော့ အတူနေပြီး ကလေးတစ်ယောက် နှစ်ယောက်မွေးပြီးမှ လက်ထပ်တာမျိုးလည်းရှိတယ်။ အိမ်ထောင်နဲ့ မိသားစုဆိုတဲ့ နှုန်းစံတွေ ပြောင်းလဲသွားပုံကိုပြောတာပါ။

ဆန့်ကျင်ဘက်ထိပြောင်းလဲ
မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံဆိုရင်လည်း စစ်မဖြစ်မီ ခေတ်ကဆိုရင် ခြေမျက်စိဖုံးတဲ့ ဂါဝန်ရှည်ပွပွကြီးတွေကို အတွင်းက ရင်စည်းကျပ်ကျပ်ခံပြီး ၀တ်ကြတာပါ။ မိန်းကလေးရဲ့ အပျိုစင်ဘ၀ကိုလည်း အသက်နဲ့ထပ်တူ တန်ဖိုးထားကာကွယ် စောင့်ရှောက်ကြပါတယ်။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မိန်းကလေးမျိုးဆိုရင်ရွာကနေ နှင်ထုတ်တဲ့အထိတောင် ကဲ့ရဲ့ရှုတ်ချလေ့ရှိတယ်။ ဟော အခုခေတ်တော့ ၀တ်ပုံဆင်ပုံတွေ လျှပ်ပေါ်လော်လီကြပုံတွေများ ပြောတောင်မပြတတ်တော့အောင် ကမ်းကုန်နေကြပါပြီ။ အလယ်တန်းရွယ် ဆယ့်သုံးဆယ့် လေးနှစ်သမီးအချင်းချင်း အပျိုစင်အဖြစ်ရှိနေသေးတယ်ဆိုရင် ကဲ့ရဲ့ကြသတဲ့။ လူမှုရေးပေါင်းသင်း ဆက်ဆံရေးညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ကြသတဲ့။ လူ့တန်ဖိုးတွေပြောင်းလဲသွားပုံကို ကြည့်ပါဦး။ ဆန့်ကျင်ဘက်သဘော ဖြစ်သွားတဲ့အထိကို ပြောင်းကုန်ကြတာ မဟုတ်လား။

အနုတ်လက္ခဏာများများ
လူမှုရေးနယ်ပယ်အတွင်းက တန်ဖိုးတွေနဲ့ နှုန်းစံတွေပြောင်းလဲမှု အတော်များများဟာ အပေါင်းလက္ခဏာဆောင်တာကနည်းနည်း၊ အနုတ်လက္ခဏာဆောင်တာကများများ ဖြစ်နေတာတွေ့ရတယ်။ စိတ်ဓာတ်နဲ့ စရိုက်တွေကလည်း မယုံနိုင်လောက်တဲ့ အထိကို ကြမ်းကြုတ်ခက်ထန်ကုန်ကြတယ်။ အရူးတစ်ယောက်ကိုယ်မှာ ယမ်းထုပ်တွေပတ်ချီပေးပြီး ဈေးထဲလျှောက်ပြေးနေတုန်း အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲတာမျိုး ဘယ်ခေတ်ကရှိခဲ့ဖူးလို့လဲ။ ခရီးသည်တွေအပြည့်ပါတဲ့ လေယာဉ်ပျံကြီးတွေကိုအပိုင်စီးပြီး လူနေအဆောက်အအုံကြီးကို ဝင်ဆောင့်တာမျိုးလည်း ဘယ်တုန်းကကြားဖူးလို့လဲ။ မောင်းသူမဲ့လေယာဉ်ပျံပေါ် ဗုံးတွေတင်ပြီး မူလတန်းကျောင်းကလေးပေါ် ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာ ကျ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကကြားဖူးလို့လဲ 'ရက်စက်မှု အပေါင်းသရဖူဆောင်းတော့သည်' လို့ကိုပြောရတော့မယ့် ခေတ်ကြီးပဲ။

ပညာမတတ်ဘွဲ့ရတွေ တစ်ပုံကြီး
အနုတ်လက္ခဏာတွေများပြီး ဆုတ်ကပ်ကြီးဖြစ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ လူသားတွေ ဥာဏ်ရည်ယုတ်လျော့ကျဆင်းလာတာပဲ ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတိုင်းလိုလိုမှာပဲ စာမေးပွဲအောင်ပြီး ဘွဲ့လက်မှတ်ရဖို့လောက်ကိုသာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေက အာရုံစိုက်လုပ်နေကြပြီး ကိုယ်ပိုင် ဥာဏ်နဲ့ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဥာဏ်ပညာမြင့်မားဖို့ကို လျစ်လျူရှုထားခဲ့ကြတယ်။ ရလဒ်က ပညာမတတ်တဲ့ ဘွဲ့ရတွေ တစ်ပုံကြီးပေါ်ထွက်လာတာပဲ ဖြစ်တယ်။
သူတို့တစ်တွေဟာ သူများရေးထားတဲ့ စာတွေအလွတ်ကျက်ပြီး စာမေးပွဲအောင်လာကြတာပဲရှိတယ်။ လက်တွေ့မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတစ်ခုမှကိုင်တွယ် ဖြေရှင်းနိုင်ကြတာ မဟုတ်ဘူး


weekly eleven မှ ဆ၇ာလူထုစိန်ဝင်းေ၇းထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
မူရင်းလင့်